ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA က ရိုဟင်ဂျာအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွား

AR MEDIA GROUP
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရပါသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA အဖွဲ့ဝင်များသည် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာကို ဝိုင်းရံထားပြီး အပြစ်မဲ့ ရိုဟင်ဂျာအမျိုးသား (၉)ဦးအား ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
AA သည် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အဆိုပါ ရိုဟင်ဂျာအမျိုးသားများကို အကြောင်းပြချက်တစ်စုံတစ်ရာ မဖော်ပြဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ကိုးဦးအနက် (၅)ဦးကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသည့် (၄)ဦးမှာ ယနေ့အချိန်အထိ ထိန်းသိမ်းခံထားရကြောင်း ဒေသခံများက ပြောကြားသည်။
ဆက်လက်ဖမ်းဆီးခံထားရသူများမှာ အာဘုလ် ကာဆိမ်၊ မိုဟာမတ် ရှော်ဖိက်၊ ရော်ရှိတ် အူလ္လာဟ်နှင့် အစ္စလာမ်၏သား ဆာဟ်ဇဲတ် ခါန်တို့ဖြစ်ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “၎င်းတို့ လေးဦးကို ဖားဝက်ချောင်းရှိ ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ AA စခန်းသို့ ဦးစွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် ငန်းချောင်းရှိ စခန်းတစ်ခုသို့ ထပ်မံပို့ဆောင်ခဲ့သည်” ဟု ပြောကြားသည်။
ဖမ်းဆီးခံထားရသူ လေးဦးစလုံးမှာ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင်များမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“မိသားစုဝင်များအနေဖြင့် ၎င်းတို့အား မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အပြင် ယခုအချိန်အထိ သတင်းအစအန မရရှိသေးသဖြင့် အလွန်စိုးရိမ်ပူပန်နေကြသည်” ဟု ဒေသခံများက ပြောကြားကြောင်း သိရသည်။