အာရ်ကာန်ဒေသရှိ မြို့နှစ်မြို့တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွား

AR Media Group မတ် ၂ ၃ ရက် ၊ ၂၀၂၅
အကြမ်းဖက် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထားသော အာရ်ကာန်ဒေသ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို စစ်ကောင်စီတပ်များက မတ် ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်နှင့် ၉ နာရီဝန်းကျင် တို့တွင် ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို ယင်းနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးလုံး ၄ လုံးထက်မနည်း ကြဲချခဲ့သည်။ ဒေသခံတစ်ဦးက “ကျော်ဇံရွာကို စစ်ကောင်စီက ဗုံး ၃ လုံး၊ ၄ လုံးလောက် ကြဲသွားတယ်။ ဘယ်လောက်ထိခိုက်ပျက်စီးသွားသလဲ မသိရသေးဘူး” ဟု ပြောသည်။
အခြားတစ်ဖက်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာကိုလည်း နံနက် ၃ နာရီဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သဲခုံရွာကိုလည်း ပေါင် ၅၀၀ ဗုံးကြဲသွားတယ်။ စာသင်ကျောင်း၊ နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားတယ်။ လူအထိအခိုက် ရှိမရှိတော့ မသိရသေးဘူး” ဟု သက်သေခံတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့များသည် စစ်တွေမြို့အနီးရှိ အရေးကြီးသော ဒေသများ ဖြစ်ပြီး၊ စစ်ကောင်စီတပ်များမှ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် ယင်းဒေသမှ ပြည်သူ အထုအထိမ်း ထွက်ပြေးတိမ်းရှောင်နေရသည်။
ထို့အပြင် စစ်ကောင်စီတပ်ရင်းများနှင့် ရေတပ်များသည် စစ်တွေမြို့အနီး တိုက်ပွဲများကို အကြောင်းပြု၍ စစ်ရေးနှင့် မသက်ဆိုင်သော ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဘက်ဒေသများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေသည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်တွေမြို့နယ်နှင့် ထိစပ်နေသော ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ပေါက်တောမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရကြသည်။
AR Media Group